ဥတ္တရသီရိ စက်တင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဇလောင်းကျေးရွာအုပ်စု၊ ပျဉ်းမနား-တောင်ညိုကားလမ်းမကြီး (၁၃မိုင် ၆ဖာလုံ)အနီးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် တောင်ညိုနယ်မြေရဲစခန်းမှ ဒုရဲအုပ်သန့်ဇင်စိုး ဦးဆောင်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Winအစီအမံ(၅)ရပ်တွင် ပါဝင်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိမရှိ၊ မော်တော်ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကိုမောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင်လိုက်ပါ စီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပိုမောင်းနှင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ Quick Win အစီအမံ(၅)ရပ်နှင့်ကိုက်ညီသည့် ပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)