တောင်ဥက္ကလာပ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေး စစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ်(၁၃)ရပ်ကွက် အမှတ်(၁၇)အခြေခံပညာမူလတန်း ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာအေးငြိမ်းစိုးနှင့် ဆရာမများက အမျိုးသမီးငယ်များနှင့် သက်ဆိုင်သော ကျန်းမာရေးအသိပညာပေးခြင်း၊ အစာအုပ်စု (၃)ခုကို စုံလင်မျှတစွာ အဟာရဖြစ်အောင် စားသောက်ရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အထူးဂရုပြုရန်၊ သွားနှင့်သွားဖုံးကျန်းမာရေးအတွက် စနစ်တကျသွားတိုက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးဂရုပြုရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်နှင့် စနစ်တကျလက်ဆေးကြရန်စသည်ဖြင့် ကျန်းမားရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းမှ ဆရာ/ ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်များပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ တစ်ဦးခြင်းစီတို့ကို တစ်ကိုယ်ရည်သန့်ရှင်းမှု စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)