ပအိုဝ်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ရာ ဒေသဖြစ်သည်။ ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ အိမ်တိုင်းအတွက် မရှိမဖြစ် စာသုံးလေ့ရှိသော ပအိုဝ်းပဲပုပ်ကို ကြိုက်နှစ်သက်သူများပြားလှသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေးဦးတည်ချက်များ ချမှတ်ကာ တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် အသေးစားစက်မှုလက်မှုလုပ်ငန်း(၁၁၄)ခုကို မှတ်ပုံတင်ထားရှိပြီး ဒေသထွက် ကုန်မြင့်တင်ရေးကို ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းမူး အသင့်စားပဲပုပ်မုန့်လုပ်ငန်းသည် ဒေသထွက်ကုန် တစ်ခုအဖြစ် ဆွဲဆောင်မှုရှိသည့် အသေးစားစက်မှုလုပ်ငန်း (MSME) အဖြစ် တိုးတက်လျက်ရှိသည့် ရိုးရာလုပ်ငန်းတစ်ခုလည်းဖြစ်သည်။
ပဲပုပ်မှုန့်သည် ပအိုဝ်းအိမ်တိုင်းတွင် စားသောက်မှုများပြားသည်။ ပဲပုပ်ကို မီးကင်ပြီးနောက် ငရုပ်သီး၊ ဆားစသည့်တို့ ထည့်၍ ပဲပုပ်ထောင်းကို နေ့စဉ်စားသောက်ကြသည်။ ပဲပုပ်မီးကင်ရာမှာ မီးပြင်းလွန်းလျှင် ပဲပုပ်မီးကြွင်းပြီးခါးတတ်သည်။ လိုအပ်သလောက်ကို အပြည့်အဝ မရတတ်ကြပေ။ ပအိုဝ်းလူမျိုးတို့ ကြိုက်နှစ်သက်သည့် ပဲပုပ်ကို အသင့်စားသုံးနိုင်အောင် စိတ်ကူးမိပြီး မိမိတို့စားသုံးပုံကို မျှဝေပေးလိုသည့် အတွေးဖြင့် အသင့်စားသက်သတ်လွတ်ပဲပုပ်မှုန့်ကို ထုတ်လုပ်သွားဖို့ စိတ်ကူး မိပြီးစတင်ဆောင်ရွက်ခဲ့သည်။ ပဲပုပ်မှုန့်ကို အသင့်စားလို့ရအောင် ပြုလုပ်ထားလျှင် ခြံလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း အလုပ်သွားလျှင် ကိုယ်နှင့်အတူ ပါရှိနိုင်သည့် ဟင်းတစ်ခွက် အသင့်ရှိနေ နေမည်ဖြစ်၍ နည်းနည်းချင်းစတင်လုပ်ကိုင်ခဲ့သည့် အိမ်တွင်းမှုလုပ်ငန်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ တစ်နိုင်တစ်ပိုင်လုပ်ငန်းမှ စတင်ခြင်းဖြစ်၍ လုပ်သားအင်အားအနည်းငယ်ဖြင့်သာ စတင်ဆောင်ရွက် ခဲ့သည်။ လုပ်ငန်းအတွက် လိုအပ်သည့် ပဲပုပ်စေ့နှင့် ငရုပ်သီးကို ကုန်ကြမ်းစိုက်ပျိုးရောင်းချရာ တောင်သူ များထံမှ နှစ်စဉ်ဝယ်ယူခဲ့ပြီး ယခုနှစ်မှစ၍ ငရုပ်သီးကို ကိုယ်တိုင်စိုက်ပျိုးနိုင်ခဲ့သည်။ ပဲပုပ်မှုန့်ဖြစ်ရန် ပဲပုပ်ချပ်ကို ဦးစွာလုပ်ယူရသည်။ ပဲပုပ်စေ့ကို ရေဖြင့် နှစ်ကြိမ်ဆေးကြောသန့်စင်ပြီး နူးအိသွားအောင် ပြုတ်ရသည်။ ထို့နောက် ပဲပြုပ်ကို ခြင်းတောင်းထဲတွင် ရေစစ်ပြီးနောက် လေလုံအောင် ဖုံးအုပ်၍ နှစ်ရက်ခန့် နှပ်ထားရသည်။ နှပ်ထားသည့် ပဲပြုပ်များကို စက်နှင့်ကြိတ်၍ ပဲပုပ်တစ်ချပ်စာ အလုံးလေး များကို လုံးထားရသည်။ ပဲပုပ်လုံးလေးများကို လိုအပ်သည့် ပုံစံနှင့် အရွယ်အစားအတိုင်း လက်ဖြင့် ဖိ၍ ခြောက်သွေ့အောင်နေလှန်းပြီး ပဲပုပ်ချပ်ရအောင်ပြုလုပ်ရသည်။ ၎င်းပဲပုပ်ချပ်များကို မီးကင်ပြီးနောက် စက်ဖြင့် သုံးကြိမ်ကြိတ်၍ အမှုန့်ဖြစ်အောင်ပြုလုပ်ရသည်။ ရရှိလာသော ပဲပုပ်မှုန့်နှင့် ငရုပ်သီးမှုန့်များကို အိုင်အိုဒင်းဆားနှင့် အချိုးအစားညီမျှအောင် ရောနှော၍ အသင့်စားသက်သတ်လွတ် ပဲပုပ်မှုန့်ရရှိကြောင်း ကို ပဲပုပ်လုပ်ငန်းရှင် ဒေါ်နန်းနုနုရီက ပြောသည်။
ပဲပုပ်မှုန့်ကို ထမင်းပူပူဖြင့်ရောနှယ်၍ ပဲပုပ်ထမင်းသုပ် သုပ်၍လည်းကောင်း၊ ခရမ်းချဉ်သီးနှင့် ရောနှောချက်၍ ပဲပုပ်ချက်အဖြစ်လည်းကောင်း၊ ရေနွေး(သို့မဟုတ်)ရေအေးနှင့် ဖျော်စပ်၍ ဟင်းရည် အဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ်၏ ရိုးရာအစားအစာဖြစ်သည့် နမ့်ဖစ်ဖူး(ခေါ်)ပဲပုပ်အရည်ဖျော် အဖြစ် လည်းကောင်း၊ အချဉ်သီးတစ်မျိုးမျိုးနှင့် တွဲဖက်၍ လည်းကောင်း စားသုံးသူများ ကြိုက်နှစ်သက်သည့် ပုံစံဖြင့် စားသုံးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
အသင့်စားပဲပုပ်မှုန့်ကို စားသုံးသူများအဆင်ပြေစေရန် လူတိုင်းစားသုံးနိုင်သည့် ပဲပုပ်အစပ်နှင့် အစပ် ကြိုက်နှစ်သက်သူများအတွက် ငရုပ်သီး ပိုမိုအသုံးပြုထားသည့် ငရုပ်မီးတောက်ပဲပုပ်မှုန့်ဟူ၍ နှစ်မျိုး ခွဲခြားထုတ်လုပ်ထားသည်။ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာတွင် (၁၀၀)ဂရမ်ပါဝင်သည့် ဗူးကြီးနှင့် (၇၀)ဂရမ်ပါဝင်သည့် ဗူးပုံစံနှစ်မျိုးဖြင့် ဖြန့်ဖြူးပေးလျက်ရှိသည်။
ပအိုဝ်းမူးအသင့်စား ပဲပုပ်မှုန့်ကို အသေးစားစက်မှုလက်မှုလုပ်ငန်းအဖြစ် မှတ်ပုံတင်ဆောင်ရွက် လျက်ရှိပြီး ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် တောင်ကြီးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး စားသုံးသူများ၏ အားပေးမှုကို ရရှိနေသည့် ပအိုဝ်းရိုးရာ ကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်ကြောင်း မျှဝေလိုပါသည်။
ပအိုဝ်းမူး အသင့်စားပဲပုပ်လုပ်ငန်းမှ ပဲပုပ်မှုန့်ထုတ်လုပ်သည့်အပြင် ပဲပုပ်စေ့ကြော်၊ ပဲပုပ်ချက်၊ ဆီတို့ဟူးစသည့် ပဲပုပ်မှ အခြေခံထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်၍ စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ပအိုဝ်းမူး အသင့်စားသက်သတ်လွတ်ပဲပုပ်မှုန့်လုပ်ငန်းသည် ပအိုဝ်းလူမျိုးများအတွက် လွယ်ကူစွာ စားသုံးနိုင်ရေးနှင့် ဒေသနေပြည်သူများအတွက် ရိုးရာလုပ်ငန်းအဖြစ် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနေမည့် အသေးစားစက်မှုလက်မှုလုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ခင်အိအိသန်း