အောင်မြေသာစံမြို့နယ်တွင် အသက် (၆၀) နှစ်အထက်ရှိ မဲဆန္ဒရှင်ဦးရေ ၂၅၀၀၀ ကျော်ရှိ

မန္တလေး အောက်တိုဘာ ၂၀

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၀) နှစ်အထက်ရှိ မဲဆန္ဒရှင်ဦးရေ ၂၅၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကျွန်တော်တို့ မြို့နယ်မှာ အသက်(၆၀)နှစ်အထက် ကျား ၁၀၃၀၅ ဦး၊ မ ၁၅၄၉၇ ဦး၊ စုစုပေါင်း ၂၅၈၀၂ ဦးရှိပါတယ်။ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) က Stay at Home ချမှတ် ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေထူထပ်တဲ့ တစ်စတုရန်း ကီလိုမီတာမှာ ပျမ်းမျှလူဦးရေ ၅၀၀၀ အထက်ရှိတဲ့ မြို့နယ်တွေမှာ နေထိုင်ကြတဲ့ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်တွေကို နေအိမ် အရောက် ကြိုတင်မဲပေးနိုင်ဖို့ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင်ရွက်ပေးဖို့ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ မြို့နယ်က ပါတဲ့အတွက် အသက်(၆၀)နှစ်အထက် ရှိသူများစာရင်းကို ကောက်ယူပြီး နေအိမ် အရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ကို သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်ဟု အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ ကိုကိုကြီးက ပြောသည်။

အဆိုပါ အသက်(၆၀)နှစ် အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မိမိတို့နေအိမ်တွင်  ကြိုတင် ဆန္ဒမဲများ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)