တွံ​တေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ (တွံတေး)၌ ဥပဒေအကြောင်းအသိပညာပေး ဟောပြောပွဲပြုလုပ်

တွံ​တေး စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်း၌သင်တန်းတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ ဥပဒေရေးရာအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန်အတွက် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဥ်ကြီးကြပ်မှုဖြင့် ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉နာရီက ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသူဇာမောင်က အဖွင့်အမှာစကားပြောကြားပြီး တွံတေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦးမှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ (ပြစ်မှုနှင့်ပြစ်ဒဏ်များ) လူမှုကွန်ရက်အား အကျိုးရှိစွာသုံးတက်ရန်တို့ကို Power point ဖြင့်လည်းကောင်း၊ တွံတေးမြို့နယ်ဥပဒေအရာရှိ ဒေါ်အိမွန်ငြိမ်းမှ ကျောင်းသားများ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရှောင်ရှားရန်နှင့် (​ပြစ်ဒဏ်များ) ခိုက်ရန်ဖြစ်ပွား (သာမန်နာကျင်စေမှု၊ပြင်းထန်ဒဏ်ရာ)နှင့် ခိုးမှုကျူးလွန်ပါက (ရာဇသတ်ကြီးပုဒ်မနှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ)ကို Power point ဖြင့်လည်းကောင်း၊ အမှတ်(အမှတ်၅၇)ယာဥ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်အောင်မျိုးကျော်မှ ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ၊ လုပ်ငန်းတာဝန်များ၊ ပြည်သူများ အသက်ဘေးအန္တရာယ်ကင်းစေရေးတို့ကို၊ Poewr point များဖြင့် ရှင်းလင်းပြသကာ ယာဥ်စည်းကမ်း၊ လမ်းစည်းဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တွံတေးခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်မောင်ထွဋ်နှင့်ဝန်ထမ်းများ၊ တွံတေးငါးလုပ်ငန်းစခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)မှ ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများ၊ ဒီပလိုမာပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးနှင့် တက်ရောက်သူ(၄၆) ဦး၊ စုစုပေါင်း(၈၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တွံတေးသား