တန့်ယန်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကြောင်းကြီး (၅)ကြောင်းမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများရှိ ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်နှင့် တာဝန်ရှိသူတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် မြို့နယ်ဥပဒေရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မွေး/ကုဌာန၊ နတလ၊ မြို့နယ်သမဝါယမ၊ မြို့နယ်သာသနာရေး၊ မြို့နယ်ကော်မရှင်၊ မြို့နယ်ပညာရေးဌာနနှင့် တာဝန်ရှိ ဌာနများက ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား ချပြ ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းနှင့် ဒေသခံပြည်သူလူထုတို့၏ တင်ပြချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ယင်းအပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)