ကွမ်းခြံကုန်းမြို့နယ်တွင် အယ်နီညိုနှင့်မွေးမြူရေး အသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

ကွမ်းခြံကုန်း စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်နီညိုနှင့်မွေးမြူရေး အသိပညာပေးရက်သတ္တပတ်လှုပ်ရှားမှုအား ဝါးကောက်တောကျေးရွာတွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဝတ်ရည်ဦးက အယ်နီညိုကျရောက်မှုကြောင့် မွေးမြူရေးလုပ်ငန်းတွင် သက်ရောက်မှုအပေါ် တိရစ္ဆာန်အစာရေစာရှားပါးလာခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ တိရစ္ဆာန်များတွင် ထုတ်လုပ်မှုကျဆင်းခြင်း၊ ဇိဝကမ္မဗေဒဆိုင်ရာ ဆိုးကျိုးထိခိုက်မှုများ ဖြစ်လာနိုင်ခြင်း၊ မျိုးပွားထုတ်လုပ်မှုကျဆင်းခြင်းနှင့် အစာမှအသားပြောင်းနှုန်း ညံ့ဖျင်းလာခြင်း၊ ကူးစက်ရောဂါများ၊ အဆိပ်အတောက်ဖြစ်မှုများ မကြာခဏ ဖြစ်ပွားခြင်း၊ အသက်ဆုံးရှုံးမှု ကြုံရနိုင်ကြောင်း အသိပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကွမ်းခြံကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဝတ်ရည်ဦးက တိရစ္ဆာန်များအတွက် ဆေးဝါးများလှူဒါန်းခဲ့ပြီး တက်ရောက် လာသူများက သိရှိလိုသည်များကိုမေးမြန်းသည်များကို ပြန်လည်ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)