သံဖြူဇရပ်မြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ ရက်သတ္တပတ်လှုပ်ရှား ဆောင်ရွက်

သံဖြူဇရပ် စက်တင်ဘာ ၂၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ခွေးရူးရောဂါကာကွယ်ရေးအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာမင်းငွေထွန်းက ခွေးရူးရောဂါဆိုတာဘာလဲ၊ ခွေးရူးရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ခွေးရူးရောဂါဖြစ်ကြောင်းသိနိုင်သည့်လက္ခဏာ၊ လူတွင်ခွေးကိုက်ခံရပါက ရောဂါမဖြစ်အောင်ကာကွယ်သည့်နည်းလမ်းများ၊ လူတွင်ခွေးရူးရောဂါကာကွယ်ဆေးမဖြစ်မနေထိုးရမည့်အခြေအနေများ၊ အိမ်မွေးခွေး၊ ကြောင်များကို ခွေးရူးရောဂါ မဖြစ်အောင်ကာကွယ်သည့်နည်းလမ်းများ၊ သတိပြုလိုက်နာရမည့်အချက်များစသည့် အကြောင်းအရာများကိုအသိပညာပေးဟောပြောပြီး ဆက်လက်၍မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အောင်သာယာရပ်ကွက်နှင့် အောင်ဇေယျရပ်ကွက်တို့တွင် ခွေးကောင်ရေ(၁၀၀)အား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)