လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန(Community Ctntre – Lashio)တွင် အင်္ဂလိပ်စကားပြော ရက်တိုသင်တန်း ဖွင့်လှစ်

လားရှိုး  စက်တင်ဘာ ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(လားရှိုး) Community Centre (Lashio) ရှိ သင်တန်းခန်းမတွင် ယနေ့တွင် အင်္ဂလိပ်စကားပြောရက်တိုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းကို လားရှိုးမြို့၊ ပညာရေးဒီဂရီကောလိပ်မှ အင်္ဂလိပ်စာဆရာ ဦးကျော်ဇင်အောင်က သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် နိုင်ငံတကာသို့ ခရီးထွက်မည်ဆိုပါက အများဆုံးအပြောများသည့် အင်္ဂလိပ်စာအသုံးအနှုန်းများ၊ လေဆိပ်တွင် မဖြစ်မနေ ပြောကြရမည့်စကားများ၊ လေဆိပ်တွင် ဖြည့်သွင်းရမည့်ပုံစံများကို အဓိကထား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမှ အသင်းဝင်၊ အသင်းသားများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှ ရက်သတ္တပတ် တစ်ပတ် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအချိန်မှာ နေ့စဉ် နေ့လယ် (၁)နာရီမှ (၃)နာရီအချိန်ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)