ဥတ္တရသီရိ စက်တင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း “အားကစား”ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများမှ ခေတ်ရှေ့ဆောင် သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေလိုကြောင်းပြောကြားကာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးကြည်ရွှင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ် များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်ကြိုးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီ နှင့်အတူ Grade-10မှ မောင်အာကာ မင်းခန့်က လူငယ်နှင့်ကျန်းမာရေး၊ Grade-10မှ မောင်ကျော်ဇင်ခန့်က လူငယ်နှင့်အားကစား၊ Grade-11မှ မသူရီချမ်းက လူငယ်နှင့်ရည်မှန်းချက်၊ Grade-12မှ မတွယ်တာမင်းဝေက လူငယ်နှင့်နည်းပညာ၊ Grade-12မှ မောင်စစ်နိုင်တိုးက လူငယ်နှင့်စာပေစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် လူငယ်ရေးရာအသိပညာပေးနံရံကပ်ပြဘုတ်များပြသခြင်းနှင့် စာအုပ်၊ စာစောင်များ ပြသခြင်းကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)