တပ်ကုန်းမြို့နယ်၌ ငရုတ်(စို)သီးနှံ၁၇၃၂ ဧက စိုက်ပျိုးလျက်ရှိ

တပ်ကုန်း စက်တင်ဘာ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း  ငရုတ်(စို)သီးနှံ ၁၇၃၂ဧက စိုက်ပျိုးလျက်ရှိပြီး၊ ငရုတ်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးနှံများကို စိုက်ပျိုးမြေအနေအထားအပေါ်မူတည်၍ စိုက်ပျိုးကြကြောင်း၊ ငရုတ်စိုက်ပျိုးရာတွင် မြေအောက်ရေ၊ မိုးအစိုဓာတ်များဖြင့် ထွန်ယက်စိုက်ပျိုးကြကြောင်း၊ ရေသွင်း ရေထုတ်လွယ်ကူစေရန် ကျင်း၊ဘောင်စနစ်ဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ မိုးအစိုဓာတ်ရရှိမှုများလာသဖြင့် ငရုတ်သီးအထွက်များလာကြောင်း၊ ငရုတ်သီးဆွတ်ခူးခ တစ်ဦးကို တစ်နေကုန် ငါးထောင်ကျပ်ပေးငှားရကြောင်း၊ ထွက်ရှိသည့် ငရုတ်သီးများကို တပ်ကုန်းမြို့မစျေး​နှင့်ငရုတ်သီးပွဲစားများက ကျေးရွာအထိ လာရောက်ဝယ်ယူကြကြောင်း၊ ငရုတ်သီးအစိမ်းတစ်ပိဿာကို ၈၀၀/၉၀၀ကျပ် ဈေးနှုန်းမှ ၁၁၀၀ ကျပ်ထိ ဈေးတက်လာသဖြင့် ငရုတ်စိုက်ပျိုးတောင်သူများ ဈေးကွက်အဆင်ပြေလာကြောင်း ညောင်ငါးပင်ကျေးရွာမှ ငရုတ်စိုက်တောင်သူထံမှ သိရသည်။

ငရုတ်သီးနှံသည် မြေအစိုဓာတ်ကို ကြိုက်နှစ်သက်ပြီး၊ ရေဝပ်လျှင် အပင်သေသောအပင်မျိုးဖြစ် ပြီး၊ ဈေးကွက်ဝင် အသီးရစေရန် ပျိုးပင်မဖောက်ခင် မျိုးရွေးချယ်၍ ဒေသနှင့်ကိုက်ညီပြီး အထွက် နှုန်းကောင်းမွန်သောမျိုးများကိုသာရွေးချယ်စေရန်နှင့် စိုက်ပျိုးရာတွင် အမြစ်ဇောက်ထိုးမစိုက်မိစေရန်နှင့်စနစ်တကျစိုက်ပျိုးရန် လိုအပ်လျက်ရှိကြောင်း ငရုတ်သီးစိုက်တောင်သူတစ်ဦးက ထပ်မံပြောပြချက်အရသိရပြီး၊ မြို့နယ်အတွင်း ငရုတ်(စို)သီးနှံ ၁၇၃၂ ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်