မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

မော်လမြိုင် စက်တင်ဘာ ၂၈

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၇ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဦးစွာ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ လူငယ်ကဏ္ဍ(၁၆)ရပ်ကို ပြည်နယ်အဆင့်သာမက ခရိုင်၊ မြို့နယ်အဆင့်ထိပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ်လူငယ်ကော်မတီများဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုတဲ့ ပညာရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့ရာ ကလေးတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးဖို့ လိုအပ်ပါ​ကြောင်း ပြောကြားသည်။

ထို့နောက်မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မွန်ပြည်နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူးဦးခင်ဇော်က မွန်ပြည်နယ်လူငယ်ရေးရာကော်မတီ ဖွဲ့စည်းထားရှိမှု၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြကာ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များ၊ အသုံးစရိတ်လျာထားတင်ပြချက်များ၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအဆင့်မြင့်နှင့် အခြေခံပညာအဆင့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ထပ်မံဖြည့်စွက်ဆွေးနွေးပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)