မန့်ဟီးရိုးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ မိန်းကလေးငယ် (၃၉)ဦးအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပြီးစီး

မန့်ဟီးရိုး စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူမိန်းကလေးငယ်များကို တစ်ကြိမ်ထိုးနှံထားရုံဖြင့် HPV ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ယမန့်နေ နံနက်(၁၀:၀၀)နာရီအချိန်က ထိုးနှံဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံဆောင်ရွက်ရာတွင် မန့်ဟီးရိုးမြို့၊(၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်ခါန်မိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက (၁.၉.၂၀၁၁)ရက်မှ (၃၁.၈.၂၀၁၄)ရက်အတွင်း မွေးဖွားခဲ့သူ ကျောင်းသူမိန်းကလေးငယ် (၃၉)ဦးအား ထိုးနှံဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးစီးသော ကျောင်းသူများကို နာရီဝက်ခန့် ဆေးထိုးစုရပ်ကျောင်းခန်းအတွင်း ခတ္တအနားယူ စောင့်ဆိုင်းစေကာ ကာကွယ်ဆေးနှင့်မတည့်၍ ဖြစ်တတ်သော ယားယံခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းမူးဝေခြင်းတို့ကို ကျောင်းအုပ်ဆရာမကြီးနှင့်တကွ အတန်းပိုင်ဆရာ/ဆရာမများကလည်း အနီးကပ်ကြည့်ရှု ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့အတူ မန့်ဟီးရိုးမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အထိ မိန်းကလေးငယ်များကို ရပ်ကွက်/ကျေးရွာအလိုက် ဆေးထိုးစုရပ်အသီးသီး သတ်မှတ်၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ကွင်းဆင်းလိုက်လံ ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မန့်ဟီးရိုး(ပြန်/ဆက်)