ကမာရွတ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး​ဟော​ပြောပွဲကျင်းပ

ကမာရွတ် စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီအချိန် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းသပြေခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစိုးရန်နိုင်၊ ဒုတိယပညာရေးမှူး ဆရာကြီးဦးဆန်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိမ်းလဲ့၊ မူးယစ်တပ်ဖွဲ့စု (၄၂) မှ ရဲအုပ်ဖန်အောင်၊ အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) မှ ရဲအုပ်ကျော်ဇေယျထွန်းနှင့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအဖွဲ့ဝင် (၂) ဦးစိုးရန်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယပညာရေးမှူး ဆရာကြီးဦးဆန်းထွန်းမှ မုဒိတာစကားပြောကြားကာ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့မှ ဟောပြောပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အားပြောကြားခဲ့သည်။ ထို့နောက် မူးယစ်တပ်ဖွဲ့စု (၄၂) မှ ရဲအုပ်ဖန်အောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်း၊ အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ ရဲအုပ်ကျော်ဇေယျထွန်းမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှု နံရံကပ်ဘုတ်များနှင့် စာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြသည်။

စိမ်းလဲ့