ပေါင် စက်တင်ဘာ ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်က တိုက်ဆည်ရေသောက်စနစ်အတွင်း၌ အယ်အယ်နီညိုဖြစ်စဉ် သက်ရောက်မှုအပေါ် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးပြုလုပ်ခြင်းကို ဖြူဘကျေးရွာကွင်းအမှတ် (၇၇၀)၌ ယမန်နေ့နံနက် (၁၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သထုံခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၆)မှ လက်ထောက်ညွှန်ကြာရေးမှူး ဦးမျိုးဇော်ဇော်က အယ်နီညိုကြောင့် အပူရှိန်ပြင်းထန်မှု ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ အပူချိန်များ၍ ရေရှားပါးချိန်တွင်က တိုက်ဆည်ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုးသူတောင်သူများအတွက် ရေဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း တောင်သူများအနေဖြင့်လည်း အချင်းချင်းညှိနှိုင်းပြီး ရေကိုလေလွှင့်မှု နည်းနိုင်သမျှနည်းစေရန်နှင့် ရေလုံလောက်မှုရှိအောင် အသုံးပြုဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ သထုံခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၆)မှ ဦးစီးအရာရှိ ဦးဇော်မိုးဝင်းက အယ်နီညိုဖြစ်စဉ်သက်ရောက်မှုအပေါ် ကြိုတင်ပြင်ဆင်မှုအနေဖြင့် စိုက်ပျိုးရေအလုံအလောက်ရရှိစေရန် ကတိုက် ရေလှောင်တမံတွင် ကန်ရေပြည့်အမှတ်ထက် (၃)ပေ ပိုမိုသိုလှောင်ထားသည့်အတွက် တောင်သူများစပါးစိုက်ပျိုးနိုင်အောင် ရေကိုလုံလောက်စွာရရှိစေရေးကို ဂရုစိုက်ဆောင်ရွက်လျက်ရှိပါကြောင်း တောင်သူလယ်သမားများအနေဖြင့် နွေစပါးကိုစောလျင်စွာ စိုက်ပျိုးပေးဖို့လိုအပ်ပါကြောင်း သက်တမ်းတိုမျိုးစပါးများ စိုက်ပျိုးခြင်းဖြင့် ရေသုံးစွဲမှုသက်သာစေမှာဖြစ်ပါကြောင်း လိုအပ်သော ချောင်းပိတ်လုပ်ငန်းများကို နွေးစပါးစိုက်ပျိုးရာသီအမှီအပြီး သတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက လိုအပ်သည်များကိုမှာကြားခဲ့ကြပြီး တောင်သူများက သိလိုသည်များ မေးမြန်းခဲ့ကြသည်။ ကဒိုက်ရေလှောင်တမံသည် ကတိုက်ချောင်းအထက်ပိုင်းတွင် ရေလှောင်ပမာဏ (၅၄၀၀၀)ဧကပေ သိုလှောင်ထားပြီး လယ်မြေဧရိယာ (၁၀၀၀၀) ဧက ကိုနွေစပါးသီးနှံစိုက်ပျိုးပေးဝေရန် ရည်ရွယ်တည်ဆောက်ခဲ့ပြီး နှစ်စဉ်စီမံကိန်း ဧရိယာထက် ကျော်လွန်စိုက်ပျိုးလျက်ရှိသော အောင်မြင်သည့်ဆည်ရေသောက် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)