ခရမ်း စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များမြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ အားကစားသရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၁၀)နာရီက ခရမ်းမြို့နယ် ကွမ်းမိုးဒိန်းအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ခရမ်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မြတ်လေးနွယ်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားသရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မြန်မာ့သိုင်း၊ ဓားသိုင်းနှင့် ခရမ်းမြို့နယ် ကွမ်းမိုးဒိန်းအခြခံပညာအထက်တန်းကျောင်း Grade-5 မှ ကျောင်းသူလေးများက Fitness Dance ဖြင့် ကပြဖျော်ဖြေခဲ့ပြီး တာဝန်ရှိသူများက အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီးနောက် အားကစားပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူးဦးကျော်မင်းထွန်းကပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ဖြူဖြူမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)