မိုးမိတ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင်ဝက်မွေးမြူးရေးခြံအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့် ဝန်ထမ်းများ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်က ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး စီးပွားရေးကုစားပေးနိုင်ရန် ရည်ရွယ်၍ ဝက်မွေးမြူးရေးလုပ်ငန်းကို အောင်မြင်ဖြစ်ထွန်းအောင် ဂရုတစိုက်စနစ်တကျ မွေးမြူနိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်ကလည်း ကူးစက်ရောဂါများမဖြစ်ပွား၊ မကူးစက်စေရန်အတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခြံဖျန်းပိုးသတ်ဆေးများ ဖျန်းပေးခြင်း၊ မွေးမြူးရေးအသိပညာပေးခြင်းများကို ဟောပြောခဲ့ပြီး မိုးမိတ်မြို့နယ်တွင် တစ်ပိုင်တစ်နိုင်ဝက် မွေးမြူရေးလုပ်ကိုင်သူ (၁၂) ဦးရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တစ်ပိုင်တစ်နိုင် ဝက်မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်မျိုးလွင်ကလည်း “ကျွန်တော်ကတော့ ဝက်မွေးမြူးရေးလုပ်ငန်းကို ၂၀၀၀ ခုနှစ်လောက်က ဝက် (၈) ကောင်ဖြင့် စတင်မွေးမြူ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့မှာတော့ ဝက်အကောင် (၇၀) အထိ တိုးမြှင့်မွေးမြူနိုင်ခဲ့ပါတယ်၊ ဝက်သားပေါက်မွေးမြူရာတွင် ဝက်စတင်ပေါက်ဖွားချိန်မှစ၍ တစ်ပတ်တိတိ လူနဲ့ဝက်နဲ့ မကွာဂရုစိုက်ပေးရပါတယ်၊ (၅) ရက်အကြာမှာတော့ မြေကြီးပေါ်ချပေးရပြီး သံဓာတ်အားတိုးဆေး ထိုးနှံပေးရပါတယ်၊ (၁၀) ရက်ကျော်လာရင်တော့ ဝက်ကလေးငယ်များကို မိခင်နှင့် အတူထားပြီး လူက မွေးစ ပထမတစ်ပတ်လို အထူးဂရုစိုက် ပေးစရာမလိုတော့ပါဘူး၊ အစာအဟာရအနေဖြင့် တစ်ရက်ကို သုံးကြိမ်ကျွေးရပြီး ရေကို တစ်ရက် နှစ်ကြိမ်ချိုးပေးရပါတယ်၊ မိမိခြံတွင် သားပေါက်မ (၁၀) ကောင်နှင့် လိုက်သိုး (၂) ကောင်ထားရှိကာ တစ်ကောင်ကို တစ်သိန်းကျပ် နှုန်းဖြင့် (၄) လတစ်ဖြတ် သုံးကြိမ်ထုတ်ရောင်းရပါတယ်။ မိုးမိတ်မြို့နယ်တွင် နိုင်ငံစီးပွားရန်ပုံငွေမှ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား တစ်ခြံလျှင် (၇၅)သိန်းဖြင့် (၅) ဦး၊ (၃၅) သိန်းဖြင့် တစ်ဦးတို့အား (၃) လတစ်ကြိမ် အတိုးနှုန်း ပြား (၆၀) နှုန်းဖြင့် တစ်နှစ်ခွဲ ချေးငွေထုတ်ချေးပေးခဲ့သည့်အတွက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ငွေကြေးအဆင်ပြေစွာဖြင့် အောင်မြင်စွာလုပ်ကိုင်နိုင်သည် ပြောကြားခဲ့သည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)