လားရှိုးမြို့တွင် နဂါးမောက်သီးစိုက်ပျိုးမှုနှင့်ရောင်းချမှုများရှိလာပြီး အသီးဈေးကွက်အတွင်း ဈေးကောင်းရ

လားရှိုး ၊ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းတွင် နဂါးမောက်သီးပင် စိုက်ပျိုးမှုများရှိလာပြီး ၎င်းတို့မှ ထွက်ရှိသော နဂါးမောက်သီးမှာလည်း ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

နဂါးမောက်သီးကို လားရှိုးမြို့နယ်အတွင်းရှိ မယ်ဟန်၊ ရှန်ခိုက်၊ နောင်မွန်၊ အီနိုင်းကျေးရွာများရှိ ဥယျာဉ်ခြံများတွင် အများအပြားစိုက်ပျိုးလေ့ရှိပြီး အသီးများကို သစ်သီးဈေးကွက်အတွင်း စီးပွားဖြစ် ရောင်းချလေ့ရှိကြကြောင်း သိရသည်။

လားရှိုးဒေသထွက် နဂါးမောက်သီးများကို ဈေးကွက်အတွင်းတွင် တစ်လုံးလျှင်  တစ်ထောင်ကျပ်မှ နှစ်ထောင်ကျပ်အထိ အသီးအရွယ်အစားအပေါ်မူတည်ပြီး ရောင်းချကြကြောင်း သိရသည်။

နဂါးမောက်သီးသည် အမျှင်ဓါတ်နှင့်ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်းကြောင့် ကျန်းမာရေး အတွက် အကျိုးပြုပြီး အသားအရေခြောက်သွေ့ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ကြောင်း၊ ကော်လဂျင်များ ပါဝင်ခြင်းကြောင့် အသားအရေကို တင်းရင်းလှပစေကြောင်း သိရသည်။

သုတေသနစစ်တမ်းများအရ နဂါးမောက်သီးသည် အဆီဓါတ်ကို လျှော့ချရာတွင် အထောက်အကူ ပြုပြီး အင်ဆူလင်အာရုံခံစားမှုကို ပိုမိုကောင်းစေခြင်းကြောင့် သွေးတွင်းသကြားဓါတ်များကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူပြုကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)