ကာလိ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် (၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ရှိသူများအား e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကာလိမြို့ အမှတ်(၁)ရက်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာနှင့် ဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data)နှင့် (Biometric Data)များ ကောက်ယူ၍ (Database)တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သော Unique ID နံပါတ်များ သတ်မှတ်၍ အမှတ်(၁)ရပ်ကွက်အတွင်း နေထိုင်သူများ၏ အချက်အလက်များကို ကောက်ယူဆောင်ရွက်လျက်ရှိပြီး ကျန်မြို့ပေါ်ရပ်ကွက်များကိုလည်း ဆက်လက်ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူးထံမှ သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)