လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တွင် သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၃) စာအုပ်များ စတင်ရောင်းချ

လားရှိုး စက်တင်ဘာ ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာဗဟုသုတ အဖြာဖြာ (၂၀၂၃) စာအုပ်” ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (လားရှိုး) Community Centre–Lashio ရှိ စာပေဗိမာန်အရောင်းဆိုင်တွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

“သိမှတ်ဖွယ်ရာဗဟုသုတ အဖြာဖြာ (၂၀၂၃) စာအုပ်” ကို လားရှိုးမြို့ရှိ ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများ၊ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အပြင် စာပေချစ်မြတ်နိုးသူများ လာရောက်ဝယ်ယူကြကြောင်း သိရသည်။

“သိမှတ်ဖွယ်ရာဗဟုသုတ အဖြာဖြာ (၂၀၂၃) စာအုပ်” သည် ပြည်သူများအသိဉာဏ် ဗဟုသုတပြည့်စုံစေရန်၊ မြန်မာလူငယ်လူရွယ်များ ပညာစွမ်းရည်ပြည့်ဝစေရန်၊ သင်တန်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် သိလိုသည့် အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေသိရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ ထုတ်ဝေဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

စာအုပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော​ကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် သဝဏ်လွှာကောက်နုတ်ချက်များ၊ မြန်မာ့ရေးရာသိမှတ်ဖွယ်ရာများ၊ နိုင်ငံတကာရေးရာသိမှတ်ဖွယ်ရာများ၊ အထွေထွေသိမှတ်ဖွယ်ရာများ၊ နိုင်ငံ့ဝန်ထမ်းလျှောက်ထားခြင်း ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို နောက်ဆုံးအခြေအနေအထိ ပြည့်စုံစွာထည့်သွင်းဖြည့်စွက် ဖော်ပြထားပါသည်။

သတင်းခေတ်၊ ပညာခေတ်တွင် လူတိုင်းသိထားသင့်သည့် အချက်အလက်များကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်စေရန် စုဆောင်းပြုစုထားသော စာအုပ်ဖြစ်သဖြင့် ဗဟုသုတရှာမှီးလိုသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ လက်ကိုင်ထားသင့်သည့် စာအုပ်ဖြစ်ပြီး အိမ်တိုင်းရှိ စာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့် စာအုပ်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊ ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေး အထောက်အကူပြု နိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်းနေလှိုင်