မိုင်းယောင်းမြို့နယ်တွင် မြေငှားဂရန်လျှောက်ထားနိုင်ရေး အသိပညာပေး

မိုင်းယောင်း စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြေယာစီမံခန့်ခွဲခြင်းနှင့် မြေငှားဂရန်လျှောက်ထားနိုင်ရေး အသိပညာပေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး ခရိုင်တရားသူကြီး ဦးညီညီထွန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းသန့်ဇင်မျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေတို့က မြေယာစီမံခန့်ခွဲခြင်းနှင့် မြေငှားဂရန် လျှောက်ထားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ Power Point ဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးပွဲသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ မြေငှားဂရန်လျှောက်ထားရန် စိတ်ပါဝင်စားသူများ စုစုပေါင်း ၄၅ ဦး တက်ရောက်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း