ရန်ကင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဆုချီးမြှင်ခြင်းအခမ်းအနားပြုလုပ်

ရန်ကင်း စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်ကအမှာစကားပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူးဒေါ်စုစုခင်က ရန်ကင်းမြို့နယ်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနားဖြစ်မြောက်အောင် ဦးဆောင်ပံ့ပိုးပေးသည့် ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ ပူးပေါင်းပံ့ပိုးဆောင်ရွက်ပေးကြသည့် ရပ်မိရပ်ဖများအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကင်းမြို့နယ် ဒုတိယပညာရေးမှူးဦးဌေးလွင်က ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ၆ ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ၅ ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်(၁၄)ဦး စုစုပေါင်းထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူ(၃၀)ဦးတို့အား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား လေ့ကျင့်ရေးအလယ်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့်သီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)