ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ဆဒုံး စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က(ဆဒုံး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊

ရှေးဦးစွာ ဆဒုံးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဂွမ်ဂျာနော်က အဖွင့်အမှာစကားပြောကြား၍ ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ဒုကျောင်းအုပ် ဒေါ်ဂျီထုလွမ် (ထက်/ပြ)မှ ပညာရည်ချွန် ဆုပေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားလည်းကောင်း ကချင်အထူးဒေသ(၁) လူမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းခေါန်မှ ကချင်အထူးဒေသတွင်း ပညာရေးကဏ္ဍတွင် လှုပ်ရှား ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့သည်။

ယင်းနောက် ဆဒုံးမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၃၂)ဦးအနက် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၂၇)ဦးတို့အား ရိုးရိုးအောင်မြင်သူတစ်ဦးလျှင် ငွေကျပ် (၁)သိန်းစီနှင့် ဂုဏ်ထူးရရှိသူများအား (၁)ဘာသာလျှင် ငွေကျပ် (၁)သိန်းနှုန်းစီဖြင့်  စုစုပေါင်း(၆၂)သိန်း ပေးအပ်ချီး မြှင့်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၀) ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်မာဝင်း(ဆဒုံး)