တောင်ဥက္ကလာပမြို့နယ်၌ အလယ်တန်းဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရေးအခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ဥက္ကလာပ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းပညာရပ်များကို တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း ပညာသင်ယူနိုင်မည့်  အလယ်တန်းဆင့်(GRADE-9)ပြီးမြောက်အောင်မြင်‌သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရေးအခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စင်္ကာပူ-မြန်မာသက်‌မွေးပညာသင်တန်းကျောင်း၊ SMVTI ကျောင်းမှ ကထိကဆရာမဒေါ်ခင်ငြိမ်းစုသွယ်က အလယ်တန်းဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်း​ဟောပြောပြသပေးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးတို့က ဆက်လက်ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာဦးဟန်တင်၊ SMVTI Vocational Training Institute မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ပြုံးပြုံး၀င်းနှင့်တာဝန်ရှိသူများ၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၊ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊  ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)