ကော့မှူး စက်တင်ဘာ ၂၈
ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာစီးဌာနတို့ပူးပေါင်းကျင်းပသော ရှေးဦးပြုစုနည်းအကြောင်းအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ငှက်အော်စမ်း)ကျောင်းနှင့် အ.ထ.က(ထန်းမနိုင်)ကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်စိုးက ရှေးဦးပြုစုခြင်းဆိုသည်မှာ ရုတ်တရက်ဒဏ်ရာရခြင်း၊ ရောဂါဖြစ်ခြင်းတို့အား ဆေးခန်း၊ ဆေးရုံမရောက်မီ သာမန်လူတစ်ဦးကအကန့်အသက်ဖြင့် ပြုစုစောင့်ရှောက်ပေးခြင်း၊ ဒဏ်ရာအနာတရဖြစ်သူ ရောဂါဝေဒနာတစ်ခုခုခံစားနေသူ တစ်ဦးတစ်ယောက်အား ရှောင်တခင်ပြုစုပေးခြင်းကို ရှေးဦးပြုစုခြင်းဟုခေါ်ကြောင်း၊ ရှေးဦးပြုစုခြင်း၏ ရည်ရွယ်ချက်သည် ဆရာဝန်ထံမရောက်လာမီ လူနာအားအခိုက်အတန့်သက်သာအောင်ပြုစုပေးရန်ဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်းမှာရည်ရွယ်ချက်(၄)မျိုးရှိကြောင်း၊ အသက်နှင့်ခန္ဓာတည်မြဲစေရန်၊ ဒဏ်ရာအခြေအနေပိုမိုမဆိုရွားစေရန်၊ ရောဂါအမြန်ဆုံးသက်သာပျောက်ကင်းစေရန်နှင့် ဆေးကုသမှုအမြန်ဆုံးရရှိစေရန်၊ ရှေးဦးပြုစုခြင်းသည်မြန်မာ နိုင်ငံကြက်ခြေနီအသင်း၏ ကျောရိုးဖြစ်ရုံသာမကအသင်းကဆောင်ရွက်သည့် စီမံချက်များ၊ စီမံကိန်းဆောင်ရွက်ရာတွင် ကနဦးလုပ်ငန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ရှေးဦးပြုစုခြင်းပန်းတိုင်မှာ တစ်အိမ်တစ်ယောက်ရှေးဦးပြုစုသူရှိစေရန်ဖြစ်ပြီး အဆိုပါပန်းတိုင်ရောက်ရှိအောင်အသင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း မိမိပတ်ဝန်းကျင်တွင် မတော်တဆထိခိုက်မှုကြုံတွေ့ရသည့်အခါ ရှေးဦးစွာလူနာဆန်းစစ်ရကြောင်း၊ ရရှိလာသောဒဏ်ရာအခြေအနေအပေါ်မူတည်ပြီး ပြုစုစောင့်ရှောက်ရကြောင်း၊ လူတစ်ယောက်တွင် အရေးကြီးဆုံးကနှလုံးခုံရပ်တန့်မှုက အရေးကြီးကြောင်း၊ ချက်ချင်းပြုစုစောင့်ရှောက်မှုမပေးနိုင်လျှင် အသက်ဆုံးရှုံးနိုင်ကြောင်း၊ ထို့ကြောင့်နှလုံးနှိုးဆွနည်း၊ အသက်ရှူအားကူနည်းသည် အလွန်အရေးကြီးကြောင်း၊ ထို့နောက်နှလုံးနှိုးဆွနည်းအသက်ရှူအားကူနည်းနှင့် ဒဏ်ရာပတ်တီးစည်းနည်းများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး ကြက်ခြေနီအကြောင်းသိကောင်းစရာများကိုပါ ဟောပြောခဲ့ကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)