လယ်ဝေး စက်တင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်၊ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြောင်ရေကျေးရွာအနီးရှိ V 4 လမ်းဆုံနှင့် အေလာအနီးရှိ မြို့ရှောင်လမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဖြိုးဟန်နှင့် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ဆောက်လုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅)ရပ်တွင် ပါဝင်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ / မရှိ၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်မောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပိုမောင်းနှင်ခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်နှင့် ကိုက်ညီသည့် အရေးယူမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)