ကျောက်ဆည် စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် အခြားဝင်ငွေရရှိမည့် ကာလတို၊ ကာလရှည် သီးပင်စားပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ သီးပင်ကျေးရွာ၌ မုန်လာဥစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိကာ မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
မုန်လာဥပင်သည် မျိုးကွဲအမျိုးမျိုးရှိသော်လည်း စိုက်ပျိုးသူများအနေဖြင့် ဆင်စွယ်မုန်လာဥမျိုးကိုသာ အဓိထားစိုက်ပျိုးကြောင်း မုန်လာဥပင်သည် သဲနုံမြေတွင် စိုက်ပျိုးပါက ကောင်းစွာဖြစ်ထွန်းကြောင်းနှင့် (၁) ဧကစိုက်ပျိုးမည်ဆိုပါက ဆင်စွယ်မျိုးထုပ် (၃)ထုပ် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ပက်ကြဲစနစ်၊ ထွန်ကြောင်းစိုက်စနစ်၊ ဘောင်စိုက်စနစ် အမျိုးမျိုး စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး အပင်(၄၅)ရက်သားတွင် မုန်လာဥပင်များ စတင်နုတ်ပြီး ဈေးကွက်သို့ ရောင်းချနိုင်ကြောင်း၊ ရောင်းချရာတွင် နေ့စဉ်ဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင် နုတ်ယူရောင်းချခြင်း၊ အခင်းလိုက် ပွဲရုံသွင်းရောင်းချခြင်း စသည်ဖြင့် အမျိုးအမျိုးရှိကြောင်း မုန်လာဥစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
မုန်လာဥသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးပါက အကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် တစ်ဧကစိုက်ပျိုးမည်ဆိုပါက သွင်းအားစုအပေါ်မူတည်၍ ငွေကျပ်(၄)သိန်းမှ(၅)သိန်းကျော်အထိ ကုန်ကျကြောင်းနှင့် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ကောင်းပါက (၁)ဧက ငွေကျပ် (၁၀)သိန်းမှ (၁၂)သိန်းအထိ ပြန်လည်ရရှိကြောင်း မုန်လာစိုက်တောင်သူ ဦးညိုတင်ကပြောသည်။
သက်မောင် (ကျောက်ဆည်)