နမ့်ခမ်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင် အင်အားစာရင်း မှန်ကန်ပြည့်မီစေရေး ပူးပေါင်းစိစစ်ဆောင်ရွက်မှုလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးထက်ဝေယံထွန်းက ညွန်ကြားချက်များအား ရှင်းလင်းပြောကြားရာတွင် နိုင်ငံရေးပါတီဝင်အင်အား စာရင်းများကို မြေပြင်တွင် နေထိုင်မှုရှိ/မရှိ၊ပါတီဝင်များ အမည်၊နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မှန်/မမှန်၊ မိဘအမည်၊ နေရပ်လိပ်စာ မှန်/မမှန်၊ သေဆုံးခြင်း၊ ပြောင်းထွက်ခြင်း၊ ပါတီဝင်ဟုတ်/မဟုတ်၊ နိုင်ငံ့ဝန်ထမ်းများ ဟုတ်/ မဟုတ် စိစစ်ခြင်းများဆောင်ရွက်ပြီးပါကြောင်းနှင့် ပါတီဝင်စာရင်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၏ ပုံစံ ၆၆/၆တွင် ရှိ/မရှိစိစစ်ခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြေပြင်တွင်နေထိုင်မှုရှိ/မရှိ ၊သေဆုံးခြင်း၊ နိုင်ငံဝန်ထမ်းပါ/မပါ စိစစ်ခြင်း ၊ ပါတီတာဝန်ခံအနေဖြင့် အမှန်တကယ်ပါတီဝင်ဟုတ်/မဟုတ် ပြန်လည်စိစစ်အတည်ပြုပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးစန်းနိုင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပါတီများမှ တာဝန်ရှိသူများကအပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)