သုံးခွမြို့၌ ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာအရောင်းဆိုင်များအား စိုက်ပျိုးရေးသုံး ဥပဒေရေးရာများရှင်းလင်းဆွေးနွေးပွဲပြုလုပ်

သုံးခွ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာရောင်းချသည့် ဆိုင်ပိုင်ရှင်များအား စိုက်ပျိုးရေးသုံး ဥပဒေရေးရာများရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာအရောင်းဆိုင်များအား စိုက်ပျိုးရေးသုံး ဥပဒေရေးရာများရှင်းလင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးတင်မြင့်အောင်နှင့် ဒုတိယဦးစီးမှူးဦးသိန်းမြင့်တို့က ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာရောင်းချခွင့်လိုင်စင်များ အချိန်မီသက်တမ်းတိုး ဆောင်ရွက်နိုင်ရန်၊ တရားမဝင်ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာများ သယ်ယူရောင်းချခြင်းမပြုလုပ်ရန်၊ အမှန်တကယ်အသုံးပြုမည့် တောင်သူများထံသာ စိစစ်ရောင်းချရန်၊ ရောင်းချမှုမှတ်တမ်းများအား စနစ်တကျသိမ်းဆည်းထားရန်၊   ပြစ်မှု/ပြစ်ဒဏ်များနှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်အတွင်းရှိ ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာရောင်းချသည့် ဆိုင်(၃၂)ဆိုင်ရှိပြီး အဆိုပါဆိုင်များအား ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာများ စနစ်တကျရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းဆေးဆိုင်များအား စိုက်ပျိုးရေးသုံးဥပဒေရေးရာများကို ယနေ့ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးတင်မြင့်အောင်ထံမှ သိရသည်။

စည်သူလင်း(ပြန်/ဆက်)