ပေါင်၊ အောက်တိုဘာ ၂၀
သထုံခရိုင် ပေါင်မြို့နယ်တွင် (HPV) ကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံခြင်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာခင်မောင်ကြည်မှ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်ဖြင့် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း လုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြား ခဲ့သည်။
အဆိုပါ (HPV) ကာကွယ်ဆေးကို ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ ၂၀၁၁ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့အတွင်း မွေးဖွားခဲ့ သည့် အသက်(၉)နှစ်မှ အသက် (၁၀) နှစ်အတွင်း အမျိုးသမီးငယ်များကို ယခုလ ၂၀ ရက်နေ့မှ စတင်ကာ ကာကွယ်ဆေးထိုးနှံ သွားမည်ဖြစ်ပြီး ပထမအကြိမ်ထိုးနှံပြီးပါက ၁၂ လ ခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပေါင်မြို့နယ်အတွင်း အသက်(၉)နှစ်မှ အသက်(၁၀)နှစ်အထိ အမျိုးသမီးငယ် (၂၆၇၄) ဦးရှိကြောင်း သိရသည်။
ဝင်းမင်းသန်း (ပြန်/ဆက်)