ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဆေးတက္ကသိုလ်-မန္တလေးတွင် စကားရည်ပြိုင်ပွဲကျင်းပ

မန္တလေး စက်တင်ဘာ ၂၈

ဆေးတက္ကသိုလ်-မန္တလေး၊ ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သော စကားရည်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀× ၇၃ လမ်းထောင့် ဆေးတက္ကသိုလ်၊ မန္တလေးရှိ မန်းရတနာပုံ (ဇီဝက)ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မျိုးသက်တင်၊ ဒုတိယပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာနွယ်မာထွန်း၊ ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆေးကျောင်းသား၊‌ ဆေးကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အကဲဖြတ်ဒိုင်လူကြီးများအား အတန်းလိုက်ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများနှင့် မိတ်ဆက်ပေးပြီး အကဲဖြတ်ဒိုင်များကိုယ်စား ဒိုင်အဖွဲ့ဝင် ဒေါက်တာအောင်ကျော်မိုး၊ ပါမောက္ခ/ဌာနမှူး မြန်မာစာဌာန၊ မန္တလေးတက္ကသိုလ်က အမှတ်‌ပေးစည်းမျဉ်းများနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း‌ပြောကြားသည်။

ဆက်လက်၍ စကားရည်ပြိုင်ပွဲ စတင်ကျင်းပရာ ဆိုရှယ်မီဒီယာသုံးခြင်းသည် အကောင်းထက်အဆိုးက ‌‌‌‌‌‌‌‌‌‌အလေးသာသည် ခေါင်းစဉ်ဖြင့် အဆိုဘက်မှ Final Part 1 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်မင်းခန့်ကျော်၊ နှင်းဝေလွင်နှင့် ကြွယ်ကြွယ်မေသူ၊ အချေဘက်မှ Year 1 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မရတီလှိုင်၊ မောင်အောင်မြင့်ဟိန်းနှင့် မောင်ဇော်ပိုင်ဖြိုးတို့ကလည်းကောင်း၊ အသက်အရွယ်နှင့် စိတ်ဓါတ်တည်ငြိမ်ရင့်ကျက်မှု့သည် အချိုးကျသည် ခေါင်းစဉ်ဖြင့် အဆိုဘက်တွင် Foundation Year ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်မင်းဟိန်း၊ မောင်အုပ်စိုးပိုင်နှင့် မောင်ဖုန်းမင်းသစ်တို့နှင့် အချေဘက်တွင် Year 1 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်ဇင်မင်းအောင်ပြည့်ဇော်၊ မောင်ဇင်မင်းခန့်နှင့် မောင်အေးကျော်လွန်းတို့ကလည်းကောင်း အသီးသီး အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ ဒိုင်အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာ အောင်ကျော်မိုး (မြန်မာစာပါမောက္ခ၊ မန္တလေးတက္ကသိုလ်၊ ဒေါက်တာ အေးအေးသန်း (မြန်မာစာပါမောက္ခ၊ မန္တလေးကွန်ပျူတာတက္ကသိုလ်)နှင့် ဒေါ်ဝေဝေဖြိုး (ညွှန်ကြားရေးမှူး၊ တိုင်းပြန်/ဆက်)တို့က အကဲဖြတ်အမှတ်ပေးကြသည်။

ထို့နောက် ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီး၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က ဆုချီးမြှင့်ပေးကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)