သန်လျင် စက်တင်ဘာ ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၉)နာရီတွင် သန်လျင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံသာနုက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုကဆောင်ရွက်ပြီး Grade-11 မှ မဖြူဖြူကြည်က လူငယ်နှင့်စာပေ၊ Grade-9 မှ မောင်မင်းကောင်းစံက လူငယ်နှင့်ကျန်းမာရေး၊ Grade-10 မှ မနှင်းနဒီဦးက လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-8 မှ မောင်မြင့်မြတ်မောင်က လူငယ်နှင့်အားကစား၊ Grade-11 မှ မောင်ဥက္ကာကျော်က လူငယ်နှင့်နည်းပညာခေါင်းစဥ်များဖြင့် ဆွေးနွေးကြပြီး အဆိုပါဆွေးနွေးချက်များနှင့်ပက်သက်၍ ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။
ယင်းနောက် စကားဝိုင်းဆွေးနွေးကြသည့် ကျောင်းသားကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးဒေါ်စံသာနုက အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ယနေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကိုခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)