ပုဏ္ဏားကျွန်းမြို့၊ ခေမာရမဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၊ သံဃာတော်များ ဆွမ်းဆန်စိမ်း အလှူလက်ခံ

ပုဏ္ဏားကျွန်း စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ခေမာရမဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဦးစီးပြီး၊ ရဟန်း၊သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဆွမ်းဆန်ကိစ္စအဆင်ပြေစေရေးအတွက် ယမန်နေ့ညနေ(၃)နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်၍ ဆွမ်းဆန်စိမ်းအလှူလက်ခံခဲ့ကြသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတိုက်တွင် အနယ်အရပ်ရပ်မှ ခမီအမျိုးသားလူငယ်များစုဝေးကာ ပညာသင်ကြားနေသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်းဖြစ်ပြီး၊ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်ကျောင်းသား၊ ကျောင်းသူများ ဆွမ်းဆန်ကိစ္စနှင့် စားသောက်ရေးအဆင်ပြေစေရေးအတွက် ၂၀၂၁ ခုနှစ်မှစ၍ အပတ်စဉ် ဆွမ်းဆန်စိမ်းများ အလှူလက်ခံခဲ့ကြောင်း၊ ဦးပဉ္ဇင်းတို့ကျောင်းတိုက်မှာ ရဟန်းသာမဏေများ၊ သာသနာ့နွယ်ဝင် သီလရှင်အပါး(၂၀)နှင့်အထက်တန်းအဆင့် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူ (၃၀)ဦးရှိပြီး၊ တစ်နေ့လျှင် ဆွမ်းဆန်တော် (၁၅)ပြည်ခန့် လိုအပ်လျက်ရှိကြောင်း ကျောင်းထိုင်ဆရာတော်ကြီးက မိန့်တော်မူသည်။

ထိုသို့ ဆွမ်းဆန်စိမ်းအလှူလက်ခံရာတွင် ကျောင်းထိုင်ဆရာတော်ကြီးဦးစီး၍ ရဟန်း၊သာမဏေများနှင့် သာသနာ့နွယ်ဝင်သီလရှင်တို့က မြို့ပေါ်(၄)ရက်ကွက်အတွင်းရှိ လမ်းများသို့ စီတန်းလှည့်လည် ကြွရောက်တော်မူပြီး၊ ဆွမ်းဆန်စိမ်းအလှူလက်ခံလျက်ရှိရာ မိမိတို့အိမ်ရှေ့ လမ်းများတွင် သဒ္ဒါကြည်ဖြူစေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်များ လောင်းလှူ ပေးခဲ့ကြကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)