ဂွမြို့နယ်တွင် စားသုံးသူပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေး

ဂွ   စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့်  စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေပိုင်းက ကင်းရုံးရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား  စားသုံးဆီများကို လက်လီရောင်းချပေးခဲ့သည်။

ဂွမြို့နယ်တွင် Lwin Mg Mg Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် မြို့နယ်စားသုံးဆီအရောင်းကိုယ်စားလှယ် ဦးဟိန်းမင်းထက် ဦးဆောင်သောအဖွဲ့မှ ကင်းရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ အောင်မင်္ဂလာလမ်းမပေါ်တွင် ရပ်ကွက်အတွင်းရှိ ပြည်သူများကို စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း လက်လီဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုသို့ စားသုံးသူပြည်သူများအား စားသုံးဆီများရောင်းချပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဂွမြို့နယ်တွင် စားသုံးဆီရောင်းချမှုကို စက်တင်ဘာလ (၂၇)ရက်နေ့မှ စတင်ရောင်းချပေးလျက်ရှိရာ အောက်တိုဘာလ (၂)ရက်နေ့ထိ စားသုံးဆီစုစုပေါင်း (၆၆၀၀) ပိဿာတို့ကို ကင်းရုံးရပ်ကွက်၊ မြို့မရပ်ကွက်၊ ရွာမရပ်ကွက်၊ ရဟိုင်ကူးတို့ကျေးရွာနှင့် မကျေးငူကျေးရွာတို့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်