ချမ်းမြသာစည် စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သဘာပတိ ဦးချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်က လမ်းညွှန်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် အတွင်းရေးမှူး ဦးသိန်းမြင့်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာအဖွဲ့၏လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှုများကို ဒါရိုက်တာအဖွဲ့ဝင် ဦးသန်းထွန်းက ဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာကို အဖွဲ့ဝင် ဦးမောင်မောင်မြင့်က ဖတ်ကြားခြင်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းဝင်ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူခြင်း၊ တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းခြင်း၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ သမဝါယမအသင်းများမှ အမှုဆောင်များ၏ အခြေခံပညာအထက်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်သော သား၊သမီးများအား ဆုချီးမြှင့်ခြင်း၊ (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားတွင် ကုန်သွယ်မှုလုပ်ငန်းများ အမြင့်မားဆုံး စွမ်းဆောင်နိုင်သည့် အခြေခံသမဝါယမအသင်း ပထမဆုရ ချမ်းမြနီလွင် သမဝါယမရောင်းဝယ်ရေးအသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား ချီးမြှင့်ငွေပေးအပ်ခြင်း၊ အစုထည့်ဝင်ထားမှုအပေါ် အစုပေါ်အမြတ်နှင့် အစုပေါ်အတိုးပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)