စစ်တွေ စက်တင်ဘာ ၂၈
စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့အစည်းအဝေးက စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သည့် အစည်းအဝေးဖြစ်ကြောင်း၊ အဓိကအားဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးများကိုယ်တိုင် လာရောက်ပြီး မိမိတို့ဒေသအကျိုးအတွက် လာရောက်ကူညီပေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အလွန်ကာလတွင် နိုင်ငံတော်အကြီးအကဲက မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားရန်မှာကြားထားပါကြောင်း၊ ထို့ကြောင့် လတ်တလောဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ဆောင်ရွက်ပြီးသလောက် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သာသနိကအဆောက်အဦများ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးစသည့် ကဏ္ဍများကို အချိန်တိုတိုအတွင်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှုမှာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စုအဆင့်ဝန်ကြီးများ အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြခြင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်အပါအဝင်၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အလွှာအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းများကြောင့် အချိန်တိုအတွင်းမှာ အခြေအနေတစ်ရပ်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကာလအနေဖြင့် ပြန်လာထူထောင်ရေးကာလဖြစ်ကြောင်း၊ မိုခါကာလအလွန်တွင် ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေမြို့ကို မြို့ပြအဆင့်မြှင့်တင်ရေး ဆောင်ရွက်ရမည့် စည်ပင်သာယာရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုထက်သာလွန်ကောင်းမွန်ရန် စနစ်ကျသည့် စံနမူနာပြုသင့်သည့် မြို့တော်ကြီးများ၏ အကြံကောင်းဉာဏ်ကောင်းများကို ရယူလိုသည်ဟု သုံးသပ်ကြသည့်အတွက် သက်ဆိုင်သူများကို ဖိတ်ခေါ်ပြီး စစ်တွေမြို့ကို လေ့လာနိုင်အောင် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများကလည်း မိမိတို့အတွေ့အကြုံများကို ဆွေးနွေးတင်ပြပေးကြ စေလိုကြောင်း၊ အားနည်းချက်၊ အားသာချက်များကို ထောက်ပြခြင်းဖြင့် ပြုပြင်ထိုက်သည်များကို ပြုပြင်ဆောင်ရွက်သွားမည်ဆိုလျင် ယခုထက်ပိုမိုတိုးတက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်တွေ့ရှိ ချက်များကို မကြွင်းမကျန်ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သန့်ရှင်းရေးဌာနမှူး ဦးချိုထွန်းအောင်၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်း၊ အင်ဂျင်နီယာဌာန(လမ်းတံတား)မှ ဌာနမှူးဦးလင်းခိုင်၊ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဌာနမှူး ဦးအေးကျော်နှင့် အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှုဌာန)မှ ဌာနမှူး ဦးမြင့်ဇော်သန်းတို့က ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီမှ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့အတွင်း လေ့လာတွေ့ရှိချက်များကို အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိသော (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှူး ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုနှင့် ခရိုင်အဆင့် ဆိုင်းနှင့် ကဗျာလွတ်ပြိုင်ပွဲဝင်များက တီးခတ်ကပြဖျော်ဖြေနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)