နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဌာနများအနေဖြင့် ကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး၊ နေပြည်တော်အဆင့်ကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို စံပြမြို့တော်ဖြစ်စေရေး အစွမ်းကုန် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးစား လုပ်ဆောင်နေပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူပြည်သားများအားလုံး ကျန်းမာပျော်ရွှင်ရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျထည့်သွင်း ပေါင်းစပ်ခြင်းဖြင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး စသည်တို့ကို ရည်မှန်းချက်ထားရှိကာ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ လူသားများ၏ လိုအပ်ချက်များ တိုးတက်များပြားလာပြီး အဆိုပါလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် သဘာဝသယံဇာတများကို ပိုမိုထုတ်ယူသုံးစွဲလာကြခြင်း၊ ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာခဲ့ကြရာ စက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာခြင်း၊ လူနေမှု အဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အဆင့်မြင့်နည်းပညာများကို တီထွင်ဖန်တီးပြီး အသုံးအဆောင်ပစ္စည်းများကို ခေတ်မီသည်ထက် ခေတ်မီအောင် ဖန်တီးထုတ်လုပ်လာကြခြင်း၊ ပိုမိုလိုအပ်လာသည့် စားနပ်ရိက္ခာနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ဖြည့်ဆည်းနိုင်ရန် သဘာဝအရင်းအမြစ်များကို တိုးတက်ထုတ်ယူသုံးစွဲလာခြင်း စသည့်အချက်များကြောင့် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများ အပါအဝင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ပြဿနာများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့အပြားမှာ ကြုံတွေ့နေရတာ အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိစေရန်အတွက် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုး တက်မှုသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း မဖြစ်မနေ ပိုပြီးအလေးထား ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် အရေးတကြီး လိုအပ်နေပြီဖြစ်ပါကြောင်း၊ ကြွပ်ကြွပ်အိတ်အပါအဝင် တစ်ခါသုံး ပလတ်စတစ်များ ထုတ်လုပ်/သုံးစွဲမှုများကို ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများချမှတ်၍ ကန့်သတ်တားမြစ်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောမီးနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်ကို လျော့နည်းသက်သာစေရေးအတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်၍ သက်ဆိုင်ရာ ဌာနများအနေဖြင့် အလေးထား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်တွေကို ထိထိရောက်ရောက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဌာနအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများအနေဖြင့် တက်ညီလက်ညီဖြင့် အလေးထားပူးပေါင်း လက်တွဲဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား လိုပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေးများ၏ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြပြီး ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအတွင်းရေးမှူးက ယနေ့ အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုမည့် အကြောင်းအရာများအား ရှင်းလင်းခဲ့ပြီး ကော်မတီဝင် ဌာနဆိုင်ရာများက အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)