ပြင်ဦးလွင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၈) အုပ်ချုပ်ရေးမှူးရုံးခန်းတွင်  ကျင်းပသည်။

အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်းအရင်းများနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများအား ဟောပြောခြင်း၊ ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှိုင်သဇင်ကျော်က ကလေးအလုပ်သမားပပျောက်ရေး ပထမ (၅) နှစ်စီမံချက်ရည်မှန်းချက်များအကြောင်း၊  အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သားကိုခိုင်းစေမှု၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ရာတွင် ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပုံများအကြောင်း၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ကလေးအလုပ်သမားအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းပြုပါက အရေးယူခံရမည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းများ ဆွေးနွေးဟောကြားခြင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးဒေါ်ကြူကြူက ကလေးသူငယ်များအား အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်းမပြုဘဲ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်သင့်ကြောင်းများ  အသိပညာပေးဟောပြောဆွေးနွေးသည်။

ထို့နောက် ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး အသိပညာပေးဟောပြောပွဲအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲသို့ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာကိုရွှေအောင်သင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်ကြီး (၈) အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)