မအီ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာ ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါကျေးရွာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျန်းမာရေးမှူး ဦးလှဝင်းက HPV သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားရာတွင် ယခု ထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) သည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကို ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဖော်ပြပါ ကာကွယ်ဆေးကိုထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်းအခြားမှာ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း အရွယ်ရှိရမည်ဖြစ်ကြောင်း၊ မပျက်မကွက် ထိုးနှံပေးကြရန်လည်း တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကျန်းမာရေးအသိပညာပေးဟောပြောရာ မူလတန်းကျောင်းသို့ ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသူမိဘများ၊ ဆရာဆရာမများနှင့် ရွာသူရွာသားများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၉) နှစ်မှ (၁၂) အတွင်း ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခဲ့သည်။
ထို့နောက် ခြေတော်ရွာကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၂) နှစ်အောက် ကလေးငယ်များအား ရောဂါ ၁၁ မျိုးပါဝင်သည့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် သက်ကြီးရွယ်အိုများနှင့် ရွာသူရွာသားများအား အခြားကျန်းမာရေးစောင့်ရှောက်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)