စလင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ် အသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်

စလင်း စက်တင်ဘာ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးဦးစီးအရာရှိနှင့် ကျန်းမာရေးမှူးဆရာ၊ဆရာမများက အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ်ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူကလေးများအား ကျန်းမာရေးစစ်ဆေးခြင်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစည်သူဆောင်တွင် ယမန်နေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမင်းမင်းထွန်းက ဦးဆောင်၍ ကျောင်းသား၊ကျောင်းသူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်း ၊ အရက်သောက်ခြင်းနှင့်ဆေးလိပ်သောက်ခြင်းနှင့်ကွမ်းစားခြင်းများ၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများနှင့် ကျန်းမာရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူကလေးများအား ကျန်းမာရေးစစ်ဆေးခြင်းများကို ကျန်းမာရေးမှူး ဦးတင်စိုးနှင့်ဆရာ၊ဆရာမများက စစ်ဆေးပေးခဲ့ပြီး ကျန်းမာရေး  အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျန်းမာရေးနှင့်ပတ်သက်သည့်အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာသန်စွမ်းရောဂါကင်း၍ အနာဂတ်၏ သားကောင်းရတနာ အောင်မြင်သော လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။

(မောင်လွင်)စလင်း