မန္တလေး စက်တင်ဘာ ၂၈
မန္တလေး၊ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း၊ "စိန်ရတနာ" ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါကျောင်းတွင်ပြုလုပ်ရာ တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် သတ်မှတ်နေရာ အသီးသီး၌ ပန္နက်ရိုက်ပေးကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ ခရိုင်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ယခု စိန်ရတနာကျောင်းဆောင်သစ်သည် အလျား ပေ (၁၀၀)၊ အနံ ပေ (၃၀)ရှိသည့် RC သုံးထပ် ကျောင်းဆောင်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၃၉.၄၅၆ သန်းဖြင့် ၂၀၂၄ ခုနှစ် မတ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)