မန္တလေးတိုင်းဒေသကြီးတွင် အသက်(၆၀)နှင့်အထက်ဆန္ဒမဲပေးခွင့်ရှိသူ ခုနှစ်သိန်းခွဲကျော်ရှိပြီး ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက် မဲပေးရန် အခက်အခဲရှိပါက နေအိမ်တွင် မဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားမည်

မန္တလေး အောက်တိုဘာ ၁၉

၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အသက်(၆၀)နှင့်အထက်ကြိုတင် ဆန္ဒမဲပေးခွင့် ရှိသူ(၇၅၈၅၉၂)ဦး ရှိပြီး ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင် သွားရောက် မဲပေးရန်အခက် အခဲရှိပါက နေအိမ်တွင်မဲပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်(သို့)ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ အသက်(၆၀)နှင့်အထက်ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၇၅၈၅၉၂) ဦး ရှိပါတယ်၊ မဲပေးရမည့် ရက်က အောက်တိုဘာ ၂၉ ရက် ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိပါ၊ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက် မဲပေးရန်အခက်အခဲရှိပါက နေအိမ်တွင်မဲပေး နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်(သို့)ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့များမှ စီစဉ် ဆောင်ရွက်ပေးသွားမှာပါဟု မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်း က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေအရ Stay At Home အဖြစ်သတ်မှတ်ထားသည့် မြို့နယ် များနှင့် လူဦးရေထူထပ်သော မြို့နယ်များတွင် နေထိုင်သော ရောဂါကူးစက်ခံရမှုလွယ်ကူနိုင်သည့် အသက်(၆၀)နှင့်အထက် ဆန္ဒမဲပေးခွင့်ရှိသူများကို ကြိုတင်ဆန္ဒမဲပေးခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က အောက်တိုဘာ ၁၀ ရက် တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Stay At Home မြို့နယ်များအပါအဝင် တစ်စတုရန်း ကီလိုမီတာတွင် ပျှမ်းမျှလူဦးရေ (၅၀၀၀)နှင့်အထက်ရှိသော မြို့နယ်များဖြစ်သည့် အောင်မြေသာစံ မြို့နယ်၊ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီး တံခွန်မြို့နယ် တို့တွင် အသက်(၆၀)နှင့်အထက်ရှိသူများ ကြိုတင်ဆန္ဒမဲပေးရန်အတွက်  ကောက်ယူ ခဲ့သည့် စာရင်းအရ (၇၅၈၅၉၂)ဦးရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် Stay At Home မြို့နယ်အဖြစ်သတ်မှတ်ထားသည့်မြို့နယ်များနှင့် လူဦးရေထူထပ်သော မြို့နယ်များ(တစ်စတုရန်းကီလိုမီတာတွင် ပျှမ်းမျှလူဦးရေ ၅၀၀၀နှင့်အထက်) တွင် နေထိုင်သူ အသက် ၆၀နှင့်အထက် ပြည့်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်း ကြောင်း သိရပြီး ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်ကွက် (သို့)ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ သတင်း ပေးပို့ကာ နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ က စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာမယ့်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံပေါင်း(၅၄၄၇)ရုံ တွင် မဲပေးပိုင်ခွင့်ရှိသူ ၄၈ သိန်းကျော်ရှိပြီး ရှမ်းတိုင်းရင်းသားမဲဆန္ဒရှင် ငါးသောင်းခန့်၊ အသက် ၁၈ နှစ်ပြည့်ပြီး  ပထမအကြိမ်မဲပေးမည့်သူ ၃ သိန်းကျော်နှင့် မသန်စွမ်း ဆန္ဒရှင် ၉ ထောင်ကျော်ပါ ဝင်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ (၄၄၂၄၇၂၇)ဦးနှင့်မဲရုံပေါင်း ၅၄၀၀ ကျော် ရှိခဲ့ပြီး အမှန်တကယ် ဆန္ဒမဲလာပေးသူ (၃၂၂၃၈၄၅) ဦးရှိခဲ့ခြင်း ကြောင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ၏ ၇၂ ဒသမ ၈၆ ရာခိုင်နှုန်းသာ ဆန္ဒမဲပေးခဲ့ကြောင်း  မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)