ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ အမှတ်(၁)နှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ ထောက်ပံ့ငွေနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား စက်တင်ဘာ ၂၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် အမှတ်(၁)နှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/‌ကျောင်းသူများအတွက် ထောက်ပံ့ငွေများနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်း အခမ်အနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁) သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

‌‌အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ထောက်ပံ့ပေးအပ်ရခြင်းမှာ နယ်စပ်ဒေသများမှ လာ‌ရောက် ပညာသင်ကြား လျက်ရှိသည့် သားငယ်/သမီးငယ်များအနေဖြင့် နိုင်ငံ့အင်အား တစ်ရပ်ဖြစ်အောင် ပညာများကို ကြိုးစားသင်ယူနိုင်ရေး အား‌ပေးချီးမြှောက်ခြင်းပင်ဖြစ်ပါကြောင်း၊  အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်နိုင်သည့် ထူးချွန် ထက်မြက်သော နိုင်ငံ့သားကောင်း/ သမီးကောင်း ရတနာများဖြစ်လာရန် ကြိုးစားရမည်ဖြစ်ကြောင်း တိုက်တွန်းအားပေး စကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ အမှတ်(၁)နှင့် အမှတ်(၂) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်းအား ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူကြ သည်။ ဆက်လက်၍ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကျောင်းသား/ကျောင်းသူ(၂၆၆)ဦးတို့အတွက် တူညီ ဝတ်စုံ (၂၆၆)စုံ အား‌ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား/‌‌ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည်  ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှုခံယူနေသော နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်းဆေးကုသစရိတ် စိစစ်ခွင့်ပြုနိုင်ရေး လုပ်ငန်းစီမံချက် အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်တည်ဆောက် ရေး အခန်းကဏ္ဍတွင် အဓိကပါဝင် ဆောင်ရွက်နေသူများဖြစ်သည့်အတွက် ကျန်းမာကြံ့ခိုင်မှုရှိစေရန် အ‌‌ရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ် နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်း ဆေးကုသစရိတ် ရန်ပုံငွေကို ပြည်နယ်ကုသရေးဦးစီးဌာနသို့ ခွဲဝေချထားပြီး ဖြစ်သည့်အတွက် ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှုခံယူနေသော နိုင်ငံ့ဝန်ထမ်းများအား ပြည်တွင်းဆေးကုသစရိတ် ရရှိကြခြင်းအားဖြင့် ကျန်းမာရေးကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဖြစ်သည့်အပြင် ဌာနအနေဖြင့် ခွင့်ပြုဘဏ္ဍာငွေကို သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ စိစစ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ တင့်နိုင် က ပြည်သူ့ဆေးရုံများတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်းဆေးကုသစရိတ် စိစစ်ခွင့်ပြုနိုင်ရေး ရေးဆွဲထား‌သော လုပ်ငန်းစီမံချက် အသေးစိတ်ကို ရှင်းလင်းတင်ပြရာ  တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သိလိုသည် များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်တွင်းဆေးကုသစရိတ်များကို စီမံချက်ပါ အချက်များနှင့်အညီ အချက်အလက်စုံလင်စွာဖြင့် စနစ်တကျတောင်းခံနိုင်ကြောင်းနှင့် နိုင်ငံ‌တော်တည်ဆောက်ရေးလုပ်ငန်းများကို ကျန်းကျန်းမာမာနှင့် ကျရာတာဝန်များမှာ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေ‌ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ နံနက် ၇ နာရီတွင်လည်း မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ ဧရာရပ်ကွက် ဆမားလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတို့မှ အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ရိတ်ခြင်း၊  သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းက ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာသို့ သွားရောက်ပြီး ဒေသခံတောင်သူများ နှင့် တွေ့ဆုံကာ ခတ်ချိုကျေးရွာအုပ်စု ကွင်းအမှတ် (၄၃)ကန်တုံကွင်းနှင့် ကွင်းအမှတ် -OSS ခတ်ချိုကွင်းတို့အတွင်း ဒေသခံတောင်သူ(၄)ဦး၏ လယ်မြေဧရိယာ (၃၃ ဒဿမ ၈၁) ဧက၌ မိုးစပါး စိုက်ပျိုးဖြစ်ထွန်း အောင်မြင်‌နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က စိုက်ကွင်းများအတွင်း မိုးစပါးအပြင် ရာသီမရွေး သီးထပ်၊ သီးညှပ်များ စိုက်ပျိုးနိုင်ရေး စက်ရေတွင်း (၃)တွင်းအား Solar System (Fixed Type) ဖြင့် တူးဖော်ဆောင်ရွက်ပေးနိုင်ရေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားသည့် စနစ်တကျစက်မှုလယ်ယာ ဧက ၁၀၀ စိုက်ကွက်အတွင်း မိုးစပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မိုးစပါးအပြီး ဆောင်းရာသီ သီးထပ်သီးညှပ် စိုက်ပျိုးနိုင်‌ရေး၊ ကျွဲ၊ နွား အန္တရာယ်အတွက် ခြံဝင်း ခတ်ပေးနိုင်ရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ တောင်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်