မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သည့် Bakery နှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်ခြင်းသင်တန်း အခမဲ့ဖွင့်လှစ်

နေပြည်တော် စက်တင်ဘာ ၂၇

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအစီအစဥ်ဖြင့် ဖွင့်လှစ်သည့် Bakery နှင့် ဖျော်ရည်အမျိုးမျိုးပြုလုပ်ခြင်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ လေ့ကျင့်ပျိုထောင်ရေးစင်တာ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါ်ငြိမ်းအေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊​ နေပြည်တော် MSME အသင်းမှ တာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တန်းဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုသင်တန်းများကို သင်ကြားပေးခြင်းဖြင့် မိမိဒေသထွက်ကုန်ကြမ်းများကို အခြေခံပြီး တန်းဖိုးမြင့်စားသောက်ကုန်လုပ်ငန်းများ ပေါ်ထွက်လာခြင်းဖြင့် သီးနှံအလေအလွင့်နည်းပါးခြင်း၊ သီးနှံစျေးကောင်းရခြင်း၊ သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သော ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များကို စားသုံးနိုင်ခြင်း၊ မိသားစုဝင်ငွေတိုးပွားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဒေါ်ငြိမ်းအေးက နေပြည်တော်ကောင်စီနယ်မြေတွင် လေဘေးဒဏ်ကျခံခဲ့ရသည့် ပြည်သူများအတွက် တန်ဖိုးမြှင့် စားသောက်ကုန်နည်းပညာသင်တန်းကို ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဒေသပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ၇ ခုကို တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ ကျေးရွာပေါင်း ၁၅၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုစီမံကိန်းများအနက် နေပြည်တော်ရုံးချုပ်မှ စီမံကိန်းလုပ်ငန်း ၅ ခုကို ကျေးရွာ ၈ ရွာနှင့် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် စီမံကိန်းလုပ်ငန်း ၆ ခုကို ကျေးရွာ ၉ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် စားသောက်ကုန်များတွင် ထည့်သွင်းအသုံးပြုရမည့် တာရှည်ခံဓာတုဗေဒဆိုးဆေးများအကြောင်း၊ သစ်သီးဖျော်ရည်၊ ဂျယ်လီ၊ Cookies ၊ Cake ၊ J-donut၊ ထန်းသီးမုန့် ဘာသာရပ် ၁၁ မျိုးအပြင် Quality Control နှင့် Packing အကြောင်းကို စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားဖြစ်သည်။

ဆက်လက်၍ ​နေပြည်တော်စီမံကိန်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်ပေးရေးဆောင်ရွက်မည့် စီမံကိန်းအကောင်အထည်ဖော်ရေး အဖွဲ့ဝင်များအား စီမံကိန်းဝတ်စုံများ ပေးအပ်သည်။ အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦး အား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)