နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ဇမ္ဗူသီရိ စက်တင်ဘာ ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ရေရှည်တည်တံ့စေရေးအတွက် နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့မှုများပေးနိုင်ရန်နှင့် တည်ထောင်ထားရှိသော ဂေဟာ၊ ရိပ်သာ၊ ကျောင်းများတွင် လက်ခံစောင့်ရှောက်ထားသူများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းစနစ်ကျကျ စောင့်ရှောက်မှုများပေးနိုင်ရန် ရည်ရွယ်၍ မိမိတို့အစီအစဉ်ဖြင့် တည်ထောင်ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊မြို့နယ်သာသနာရေးမှူး ဦးအောင်သူနှင့်တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထောက်ပံ့ကြေးရရှိခဲ့သည့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအား ထောက်ပံ့ငွေကျပ် ၉၆၀၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)