ကျိုင်းတုံ စက်တင်ဘာလ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုထားသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ နိုင်ငံရေးပါတီများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်း မှန်ကန်ပြည့်မီစေရေး ပူးပေါင်းစိစစ်ဆောင်ရွက်မှုလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(ကျိုင်းတုံ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးကျော်မိုးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သတ်မှတ်ကာလအတွင်းပေးပို့ရမည့် နိုင်ငံရေးပါတီဝင်အင်အားစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ CVLMS Software နှင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသို့ပေးပို့ပြီး အချက်အလက်များ မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများရှိ Admin DEO Software ဖြင့်စစ်ဆေးခြင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများနှင့်ပူးပေါင်း၍ မြေပြင်တွင် လူ ရှိ/မရှိ၊ (သေဆုံး)များကို စိစစ်ဆောင်ရွက်ခဲ့ရာ ပါတီဝင်အင်အားစာရင်းတွင် ဥပဒေနှင့်အညီနေထိုင်သူစာရင်း၌ မရှိခြင်း၊ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တူညီနေသူများ၊ နိုင်ငံသားစိစစ်ရေးအမှတ်တူညီနေသူများ၊ အချို့ပါတီဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်နေခြင်း၊ နေရပ်လိပ်စာများမပြည့်စုံခြင်း၊ အချို့ပါတီဝင်များမှာ ပါတီ(၂)ခုဝင်ထားသူများဖြစ်နေခြင်း အစရှိသည့် သတ်မှတ်ချက်နှင့်မညီသော ပါတီဝင်အင်အားများ ပါဝင်နေကြောင်း တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီများအနေဖြင့် တင်ပြထားသည့် ပါတီဝင်အင်အားများ မှန်ကန်မှု ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိ၊ ပါတီဝင်များ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မှန်/မမှန်၊ မိဘအမည်၊ နေရပ်လိပ်စာ မှန်/မမှန်တို့၊ ၎င်းတို့ပါတီဝင်ဖြစ်ကြောင်း ပါတီအဆိုပြုလွှာနှင့် ပါတီဝင်အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးထားရှိမှုအား သက်ဆိုင်ရာပါတီ၏ မြို့နယ်ပါတီတာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ ပါတီများမှပေးပို့လာသော ပါတီဝင်အင်အားစာရင်းသည် ပြည့်စုံမှန်ကန်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော ပါတီဝင်အင်အားစာရင်း ဖြစ်လာမည်ဖြစ်သဖြင့် အလေးထားဂရုပြု ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ်အလိုက်စစ်ဆေးခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီ(၃)ပါတီမှ တင်ပြလာသော ပါတီဝင်အင်အားစာရင်းများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်ပြီးစီးမှုများကို တက်ရောက်လာသော ဌာနများမှတင်ပြခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)