ညောင်ဦး စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေ တင်မှပေးလွှတ်သော လက်ပံခြေပေါ်လျှပ်စစ်မြစ်ရေတင် ရေဖြင့်မိုးစပါး ဧက ၃၃၀ ဧကစိုက် ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံမှသိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ် လျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဇူလိုင်လတွင် စပါးပျိုးစတင်ပျိုးထောင်ခဲ့ကြောင်း ဩဂုတ်လဆန်းပိုင်းကစတင်၍ ပျိုးပင်များ လယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။ ကျောက်ကူးလျှပ်စစ်မြစ် ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးမျိုးမှာ ဧရာမင်း၊မနောသုခ၊ဆင်းသုခစပါးမျိုးများသာ တောင်သူများစိုက်ပျိုးကြပြီး ပျိုးထောင် ရက် ၂၁ ရက်အကြာတွင်စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများကရှင်းပြ၍သိရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် ၆၀၀၀ ကျပ်ပေးသွင်းရပြီး၊ နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ ကျပ်ပေးရကြောင်း၊ အခြားသီးနှံအတွက် ၃၀၀၀ ကျပ်ပေးသွင်းရကြောင်း သိရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးများအထွက်နှုန်းပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်း တန်လွန်းကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင်တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀ လက်မ အောက်သာရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်း တန်လွန်းကြောင်း မိုးစပါးစိုက်တောင်သူများကရှင်းပြသည်။ မိုးစပါး စိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက်ပျိုးခ (၅၅၀၀၀)ကျပ်ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးခြင်းနှင့် လက်စားပြန်လည်စိုက်ပျိုးကြခြင်းများလည်း ရှိကြကြောင်း မိုးစပါးစိုက် တောင်သူများထံကသိရသည်။
ဒီပါလင်း