ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်းပက်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ဟိုပုံး စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်းပက်)တို့ ပူပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲအချိန်က အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်းပက်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများကို မြှင့်တင်စေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့လူငယ်စကားဝိုင်းမှ “လူငယ်နှင့်စာပေ၊ လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်ကျန်းမာရေး၊  လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ လူငယ်များသည် မိသားစုတစ်ခု၏ မျှော်လင့်ချက်၊ တိုင်းပြည်တစ်ခု၏ အနာဂတ်၊ ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲနိုင်သော အလားအလာရှိသော အဖူးအငုံများဖြစ်ပါကြောင်း၊ အရည်အချင်းရှိသော လူငယ်တွေဖြစ်လာရန် ပတ်ဝန်းကျင်ကောင်း၊ လေ့ကျင့်ပျိုးထောင်မှုကောင်းတွေလိုအပ်ပါကြောင်း၊ လူငယ်ဆိုသည့် အဓိပ္ပာယ်သည် ပေါ့ပါးသွက်လက်ပြီး ဖြစ်ချင်သောအရာကို ပုံဖော်နိုင်သည့် အရွယ်ဖြစ်ပါကြောင်း၊ လူငယ်ဆိုသည်မှာ ရိုးသားမှု၊ ကြိုးစားမှုရှိရမယ်၊ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရခြင်း၊ စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် နေ့ရက်တိုင်းကို ဖြတ်သန်းနေသော လူငယ်တွေဖြစ်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်းပက်)မှ ကျောင်းသား၊ ကျောင်းသူ ငါးဦးတို့က “လူငယ်နှင့်စာပေ၊ လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်ကျန်းမာရေး၊  လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို၏ အတွေ့အကြုံများ၊ အတွေးခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးကြရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)