မြစ်သား စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ စိုက်ပျိုးရေးနှင့်တွဲဖက်ပြီး နွားမွေးမြူရေးခြံလုပ်ငန်းလုပ်ကိုင်သူများ တစ်နိုင်တစ်ပိုင် နွားမွေးမြူရေးလုပ်ငန်းဖြင့် နွားရောင်းဝယ်ရေးစျေးကွက်တွင် စျေးကောင်းရရှိ၍ လုပ်ငန်းများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကိုတွဲဖက်လုပ်ကိုင်သည့် နွားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသူအနေဖြင့် နွားစာများကျွေးမွေးရာတွင် မနက်ပိုင်း စားကျက်မြေမှာ သဘာဝအတိုင်း လွှတ်ကျောင်းပြီး ညနေခင်းပိုင်းမှာ စိုက်ပျိုးထားတဲ့ နေဗီယာမြက်၊ နှံစား၊ ပြောင်း၊ ပဲမှော်၊ ကောက်ရိုး၊ စဥ်းဖတ်တို့နဲ့ နှစ်ပတ်လည်စာဆုဆောင်းပြီး ကျွေးမွေးရကြောင်း၊ စိုက်ပျိုးရေးနှင့်တွဲဖက်လုပ်ကိုင်တဲ့ အတွက် နွားအကောင်ရေ ရှားပါးလာမှုအပေါ်နွားမှရရှိလာတဲ့နွားချေးကို လယ်ယာမြေတွေမှာ သဘာဝ မြေသြဇာအဖြစ် ပြန်လည်အသုံးပြုဖို့အတွက် မွေးမြူရခြင်းဖြစ်ကြောင်းနွားကျွေးစရိတ် အစာဖိုးနဲ့ လုပ်သားစရိတ်ကို နွားချေးရောင်းရ ငွေနဲ့ပြန်ထိန်းပြီးနွားချေးမှတစ်ဆင့်လည်း ဝင်ငွေအမြတ်အစွန်းရရှိ၍ နွားကျွေးမွေးစရိတ်အနေဖြင့် နွားတစ်ကောင် ကိုတစ်ရက်(၃၀၀၀ိ/-)ထောင်ကျပ်နှုန်း တစ်လကိုငွေ (၉၀၀၀၀ိ/-)သောင်းကျပ်ဖြင့် တစ်နှစ်လျှင်ငွေကျပ်(၁၀)သိန်း ဝန်းကျင်ကုန်ကျစရိတ်ရှိကြောင်း၊ လက်ရှိ နွားပေါက်စျေးအရ နွားချောနွားအလှအပေါ်မူတည်ပြီး မွေးမြူရေး နွားမတစ်ကောင်ကို ငွေကျပ် (၆)သိန်းမှ(၁၀)သိန်းအထိဝယ်ရကြောင်း၊ ပြန်လည်ရောင်းချချိန်တွင် ကိုယ်ပိုင်ပြ နွားအထီးဖြင့် သားဖောက်ထားသည့်အတွက် နွားချောနွားအလှအဆင့်မီ နွားအထီးတစ်ကောင်ကို ငွေကျပ်(၁၅)
သိန်းမှ(၄၅)သိန်းဝန်းကျင်အထိ ကာလပေါက်စျေးအတိုင်း စျေးကောင်းရရှိသည့်အတွက် နွားမွေးမြူရေးလုပ်ငန်းက ပိုမိုအဆင်ပြေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့်တွဲဖက်ပြီး နွားမွေးမြူရေးခြံလုပ်ငန်းကို စိတ်ပါဝင်စားစွာလုပ်ကိုင်ဆောင်ရွက်ပါက နွားချေးမှရရှိလာသော သဘာဝမြေသြဇာကြောင့် ပုလဲဓါတ်မြေသြ ဇာဖိုးကုန်ကျစရိတ် သက်သာသည့်အပြင်မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးဖြစ်သောကြောင့် အရင်းအနှီးတတ်နိုင်ပါကစိုက်ပျိုးရေးအပြင် နွားမွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်သင့်ကြောင်း ကသဲကုန်း ကျေးရွာအုပ်စု၊ ကသဲကုန်း ကျေးရွာနေ ဦးကံတင် ထံမှ သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)