ကျောက်ဆည် စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု(၂၇၅၁)စု လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကျောက်ဆည်-ငှက္ကတောင်လမ်းပိုင်းအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းပေးခဲ့ကြောင်း သိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းလုပ်ငန်းများကို နဂါးနတ်ကုမ္ပဏီနှင့်မဟာမြေကုမ္ပဏီတို့ကတာဝန်ယူပြီး မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၂၉၇.၅၅၀)ကျပ်သန်းဖြင့် အရှည်(၁)မိုင်၊ အကျယ်(၁၈)ပေ၊ ကတ္တရာ ထပ်ပိုးလွှာခင်းပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများစံချိန်စံညွှန်းနဲ့အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ကျောက်ဆည်-ငှက္ကတောင်လမ်းပိုင်း ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းဖြင့် ငှက္ကတောင်-တောင်နံ့သာ ကျေးရွာ(၂)ရွာနှင့်စုကြီးထန်းတော၊ ကံဦး၊ ဖောင်ရွာ၊ ရွာသစ်ရပ်ကွက်(၄)ရပ်ကွက်မှ အိမ်ထောင်စု (၂၇၅၁)စု လူဦးရေ(၁၄၃၂)ဦးတို့၏ လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ဧက(၁၀၅၀) မှ ထွက်ရှိသော သီးနှံမျိုးစုံ သယ်ယူရာတွင်များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)